ဘုန်းဘုန်းစံ
အမေရိက
စုလျားရစ်ပတ် အချစ်နိဒါန်း သို.မဟုတ် ပြေတီဦးအချစ်နဲ. အူဝဲတို. မင်္ဂလာဘုံ
မကြာခင် မင်္ဂလာဆောင်မည့် ရုပ်ရှင်သရုပ်ဆောင် ပြေတီဦးနှင့်အိန္ဒြာကျော်ဇင်တို.ရဲ. မင်္ဂလာပွဲသတင်းကို စာပေ အနုပညာ၊သတင်းဂျာနယ်များမှာ အစီအစဉ် ခြောက်မျိုးပါဝင်တဲ့ မင်္ဂလာဆောင်မည့် သတင်းကိုဖတ်လိုက်ရတယ်၊ ဗြိတိန်နိုင်ငံရဲ. တော်ဝင်မိသားစု မင်းသား ၀ီလျှံနှင့် ကိတ်မင်ဒယ်တန်တို.ရဲ. လက်ထပ် မင်္ဂလာသတင်းကလဲ တကမ္ဘာလုံးရဲ. မီဒီယာမှာ နာမည်ကြီးနေပါတယ်၊ တော်ဝင်မိသားစု ၀ီလျှံမင်းသား မင်္ဂလာဆောင်တာ ကိုယ်နဲ. မဆိုင်သလို နေနိုင်ပေမဲ့ ပြည်သူများက ကျွေးထားတဲ့ အနုပညာသမား ပြေတီဦးနဲ. အူဝဲတို. လက်ထပ်မည့်အချိန်မှာ မင်္ဂလာဦး ဆုံးမစာ စာရေးဖို. ဘုန်းဘုန်းစိတ်ထဲဖြစ်ခဲ့တယ်၊မြန်မာပြည်မှာလူတန်းစားကွာဟမှုနဲ. လူတွေအရမ်းဆင်းရဲ ဒုက္ခရောက်နေတယ်၊ အဲဒီဆင်းရဲ မူတွေကို ပြေတီဦးဆိုတဲ့အတိုင်း အထူးစဉ်းစားစေချင်တယ်၊တိုင်းသူပြည်သားတွေ စားစရာမရှိ၊ ၀တ်စရာမရှိ ဖြစ်နေပါတယ်၊ ကလေးသူငယ်များကို တသက်တာ မဟုတ်တောင်မှ အတိုင်းတာ တခုအထိ သူတို.ရဲ. ဆင်းရဲမွမ်းကြပ် မူတွေကို မင်္ဂလာ ဆောင်မည့် ကတို.သား သမီးတို.က ကူညီစေချင်ပါတယ်၊ တကယ် မင်္ဂလာရှိတဲ့ ပရဟိတ လုပ်ငန်းကို အထူးစဉ်းစားနိုင်ရန် ဘုန်းဘုန်းက ဒီစာကို ရေးလိုက်ပါတယ်၊၊
မင်္ဂလာဆောင်
မင်္ဂလာဆိုတာ ကြီးပွားချမ်းသာခြင်းရဲ. အကြောင်းတရားတွေကိုခေါ်တာပါ၊ ဘယ်လိုဟာတွေလဲဆိုရင် မြတ်စွာဘုရားရှင် ဟောတော်မူခဲ့တဲ့ မင်္ဂလာတရား(၃၈)ပါးရှိတယ်၊လူသားတွေ ဘယ်လိုနေရမယ် ထိုင်ရမယ်၊သူတော်ကောင်းကို ပေါင်းရမယ် လူမိုက်တွေကိုရှောင်ရမယ် စသည်ဖြင့် မွန်မြတ်တဲ့ လူ.ကျင့်ဝတ်ကို လိုက်နာဆောင်ရွက်သူအားလုံး ကြီးပွားချမ်းသာ ကြောင်း ဘုရားရှင်ဟောခဲ့ပါတယ်၊ မိဘ၀တ္တရား ငါးပါးမှာ ပုတ္တဒါရသင်္ဂဟ ဆိုတာရှိပါတယ်၊ နှစ်ဖက်မိဘများ ကနေ အရွယ်ရောက်လာသည့် သားသမီးတို.ကို မိဘတာဝန်ကျေအောင် အာဝါဟ၀ိဝါဟ ထိမ်းမြားလက်ထပ် မင်္ဂလာကို စီစဉ် ပေးကြတယ်၊မြန်မာတပြည်လုံးမှာ မင်္ဂလာဆောင်တယ်လို. နားလည်ကြပါတယ်၊၊
မင်္ဂလာဆောင်တိုင်း မင်္ဂလာရှိသလား
မင်္ဂလာ ဆိုတာ ဘုရားဟော ပါဠိဖြစ်တာကြောင့် လေးနက်တဲ့ အဓိပ္ပါယ်တွေရှိနေပါတယ်၊ မင်္ဂလာဖြစ်ဖို.ရာ လိုက်နာ ကျင့်သုံးရမည့် စည်းကမ်းတွေရှိတယ်၊ အခြေခံအားဖြင့် ဆင်းရဲသူတွေကို သနားပြီး ကူညီစောင့်ရှောက်မူ၊ ချမ်းသာသူတွေ မြင်တော့လည်း ၀မ်းမြောက်သာဓုခေါ်နိုင်သည့် အလေ့အကျင့်ရှိရမယ်၊ နိဗ္ဗာန်ရောက်သည့်တိုင်အောင် “ ကောင်းကျိုး ချမ်းသာ ကျက်သရေမင်္ဂလာ” လို. မြန်မာတွေ နုတ်ဖျားမှာ တဖွဖွပြောနေကြတယ်၊ နိုင်ငံသားတိုင်းမှာ နိုင်ငံကောင်းဖို.ရာ တာဝန်ကိုယ်စီရှိကြတယ်၊မြန်မာနိုင်ငံသည် အများစုက ဗုဒ္ဓဘာသာများဖြစ်တာကြာင့် မင်္ဂလာတရား (၃၈)ပါး အခြေခံ လူ.ကျင့်ဝတ်တရားတွေကို လိုက်နာကျပြီး တာဝန်ကျေရင် ကျက်သရေမင်္ဂလာရှိမယ်၊ မင်္ဂလာရှိမှ ကောင်းကျိုး ချမ်းသာ ရမှာဖြစ်တယ်၊ မင်္ဂလာတရား ကျင့်ဝတ်ကို လိုက်နာသည့် အကြောင်းတရားကြောင့် အကျိုးရလဒ်အနေနဲ. ချမ်းသာသုခ ရကြတာဖြစ်ပါတယ်၊ အကြောင်းနဲ.အကျိုးကို ရိုးရိုးလေး ခွဲခြားဆက်စပ် ကြည့်လိုက်မယ်ဆိုရင် ဒီကနေ. မင်္ဂလာဆောင်ပွဲမှာ တကယ်မင်္ဂလာရှိအောင် လက်ရှိအခြေအနေက ဆင်းရဲနွမ်းပါးတဲ့ မိသားစုတွေကို ပံ့ပိုးပေးရမယ်၊ ကိုယ်က ကူညီနိုင်တဲ့ လူတယောက်ဖြစ်ပါလျှက် မကူညီဘဲ တာဝန်မဲ့နေရင် ကျက်သရေမင်္ဂလာတွေလဲ ဆိတ်သုဉ်း၊ ကောင်းကျိုးချမ်းသာတွေလဲ မဲ့သွားတယ်ဆိုတာ နားလည်သဘောပေါက်ဖို. လိုပါတယ်၊၊
မင်္ဂလာဆိုတာ ဂုဏ်ပကာသနမပါ ပကတိ ရင်ထဲနှလုံးသားကနေ ဖြူစင်သောစေတနာ လေးနက်သည့် မေတ္တာအားတွေနဲ. ပြုလုပ်ခြင်းပဲဖြစ်တယ်၊ဆင်းရဲသည့် တိုင်းရင်းသား ညီကိုမောင်နှမအားလုံးအပေါ်မှာ ကျရောက်နေသည့် ဆင်းရဲ ဒုက္ခတွေကို ကိုယ်တတ်နိုင်ရာ အပိုင်းကနေ စောင့်ရှောက်ပေးတယ်ဆိုရင် မင်္ဂလာရှိတယ်၊ဘ၀မှာကျက်သရေမင်္ဂလာ ပြည့်ဝပါတယ်၊၊
ဆောင်ဆိုတဲ့ အဓိပ္ပါယ်က သယ်တာ ယူသွားတာကိုပြောတာပါ၊မင်္ဂလာတရား (၃၈)ပါးကို အခြေခံပြီး မိဘဖိုးဖွားများလိုပဲ ကိုယ်တိုင် မိဘနေရာတွေ ရောက်လာရင် ကောင်းမြတ်တဲ့ မင်္ဂလာတရား လူ.ကျင့်ဝတ်များကို လိုက်နာကျင့်သုံးသွားမယ်၊ ကောင်းသည့် ဓလေ့ကိုယူ၍ သယ်ဆောင်သွားကို ပြောတာဖြစ်တယ်၊မြန်မာတို.ရဲ. ရိုးရာယဉ်ကျေးမှု အမွေအနှစ်များကို ထိမ်းသိမ်းစောင့်ရှောက်သည့်အနေဖြင့် မာတာပိတုဥပဋ္ဌာနမင်္ဂလာ၊မိဘအဖိုးအဖွားများအား ပံ့ပိုးကူညီစောင့်ရှောက်ခြင်း၊ ဥာတကသင်္ဂဟမင်္ဂလာ၊တိုင်းပြည်အတွင်းက ဆင်းရဲနွမ်းပါးတဲ့ မရှိဆင်းရဲသားများကို ကျွေးမွေးစောင့်ရှောက်ပေးခြင်း စသည့် မင်္ဂလာတို.လည်း တစထက် တဆတိုးပြီး ဆောင်ယူလိုက်ကြတဲ့အခါမှာ ကြီးမားတဲ့ မဟာမင်္ဂလာ ဖြစ်စေပါတယ်၊၊
ခြောက်မျိုးအစုံ ရင်ခုံစရာ ကောင်းသည့် အူဝဲတို. စုံတွဲ
2011 ခုနှစ် ဇန်န၀ါရီ (၁) ရက် နှစ်သစ်မှာ တောင်းရမ်းမင်္ဂလာကို ကတို.သမီး အူဝဲတို. မိဘများဆီကို ကတို.သားဖက်က တောင်ရမ်းခြင်းမင်္ဂလာ၊တချို.ကတော့ စေ့စပ်၊စကားကြောင်းလမ်းခြင်း အမျိုးမျိုးခေါ်ကြတယ်၊မြန်မာတွေမှာ ရှိနေသည့် ယဉ်ကျေးမူ တခုပါပဲ၊နှစ်ဖက်မိဘများက သားနဲ. သမီး အိမ်ထောင်ပြုပေးဖို. တွေ.ဆုံဆွေးနွေးပြီး စီစဉ်တာပါ၊ အချစ်နဲ. ဘ၀တွေကို လက်တွေ.ကျော်ဖြတ်လာခဲ့တဲ့ မိဘတွေက သူတို.ရဲ. ဘ၀အတွေ.ကြုံများကို အခြေခံပြီး နှစ်ဖက် မိဘတွေက ရှယ်ယာ လုပ်ပေးတာဆိုရင် မမှားပါဘူး၊ စစ်သေနာပတိချုပ် မောင်ဘတ်တန်က ဇန်န၀ါရီ(၁)ရက်နေ.မှာ ဗြိတိသျှ စစ်အုပ်ချုပ်ရေး စနစ်ကို ရုပ်သိမ်းကြောင်း ကျေညာခဲ့သောနေ.ဖြစ်ပါတယ်၊ဒီကနေ.မှာ စေ့စပ်ပွဲလုပ်ခြင်းသည် အမှတ်တရ မင်္ဂလာပါပဲ၊၊
လက်ထပ်မင်္ဂလာကို ဇန်န၀ါရီ (၄) ရက်နေ. Trader Hotel ကုန်သည်ကြီးများ ဟိုတယ်မှာ ကျင်းပမယ်၊၁၉၄၂ ခုနှစ်၊ ဇန်န၀ါရီ (၄)ရက်ဆိုတာ မြန်မာနိုင်ငံ လွတ်လပ်ရေးရခဲ့သည့် နေ.ထူးဖြစ်တယ်၊လွပ်ရေး သက်တမ်းအခုဆိုရင် (၆၉)နှစ်ထဲ ရောက်ပါပြီ၊ အဲဒီနေ.မှာပဲ အကြင်လင်မယားဖြစ်ကြောင်း Marriage certificate တရားဝင် လက်မှတ်ထိုးမင်္ဂလာ လုပ်တဲ့အတွက် ဘယ်လိုပဲဖြစ်စေ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ပြီး မြန်မာ့မြေမှ ဗြိတိသျှကို တိုက်ထုတ်နိုင်ခဲ့ပြီး လွတ်လပ်ရေးရသည့်နေ.မို. ဒီမင်္ဂလာပွဲသည် အာဇာနည်ခေါင်းဆောင်ကြီးများအား ဂုဏ်ပြုခြင်းဖြင့် လည်းကောင်း၊ မြန်မာ့ လွတ်လပ်ရေးနေ.ကို ဂုဏ်ပြုလေးစားသောအားဖြင့် ဇနှီးမောင်နှံက မြန်မာနိုင်ငံရဲ. တကယ့် လွတ်လပ်ရေးကို ဆက်လက် တိုက်ပွဲဝင် စောင့်ရှောက်မယ်ဆိုတာ ကတိစာချုပ် ရေးထိုးလိုက်တာသည် ဒါလဲ မင်္ဂလာပါပဲ၊၊
ဇန်န၀ါရီ(၁၅) ရက်နေ. မင်္ဂလာဆွမ်းကြွေးမင်္ဂလာ
မဟာစည်သာသနာ့ရိပ်သာမှာ ဆရာတော် သံဃာတော်များကို မင်္ဂလာဦး ဆွမ်းကျွေးခြင်း၊မိတ်တွေများအား ဖိတ်မံပြီး ကျွေးမွေးဧည့်ခံခြင်း ဒီလို ကောင်းတဲ့ အလုပ်တွေကို ဆောင်ရွက်တဲ့ အတွက် မင်္ဂလာ ဖြစ်စေတယ်၊ဆရာတော်များထံက သီလခံယူခြင်း၊လင်ကျင့်ဝတ် မယားကျင့်ဝတ်စသည့် ဆရာတော်များရဲ. တရားတော်များကို နားကြားခြင်း ကုသိုလ်များကို ရေစက်ချ အမျှဝေခြင်း အလွန်ကောင်းမြတ်သည့် ကောင်းမှုကုသိုလ်များကို ချစ်စ၊ခင်စ၊ ကြင်နာစ အရွယ်တွေမှာ မင်္ဂလာရှိတဲ့ အလုပ်တွေကို စိတ်တူကိုယ်တူ ဆရာတော်များ ရှေ.မှာ မင်္ဂလာအထူးအဖြစ် ထာဝရ ကြည်နူးစွာ ချစ်ကြမယ် ပေါင်းကြမယ်ဆိုတာ သစ္စာဆိုကြသည့် နေ.ဖြစ်တာမို. ဒါလဲ မင်္ဂလာပါပဲ၊၊
ဇန်န၀ါရီ(၁၆)ရက်နေ. စုလျားရစ်ပတ် ဘိတ်သိတ်မင်္ဂလာကို Sedona Hotel မှာလုပ်ကြမယ်၊စုလျားရစ်ပတ်ဆိုတာ မသိ သူတွေရှိမယ်၊လောကီမင်္ဂလာဖြစ်တဲ့ မင်္ဂလာ(၁၀)မျိုး ၁။ ပုဆိုးတန်းတင်၍ ထိမ်းမြားခြင်း ၂။ လက်ဆုံစား၍ ထိမ်းမြားခြင်း ၃။ လက်စွပ်လဲ၍ ထိမ်းမြားခြင်း ၄။ အဝတ်လဲ၍ ထိမ်းမြားခြင်း ၅။ လက်ထပ်၍ ထိမ်းမြားခြင်း ၆။ ဒါလီဖွဲ့၍ ထိမ်းမြားခြင်း ၇။ စုလျားရစ်ပတ်၍ ထိမ်းမြားခြင်း ၈။ ပန်းကုံးစွပ်၍ ထိမ်းမြားခြင်း ၉။ ရေခွက်ကို လက်ချ၍ ထိမ်းမြားခြင်း ၁၀။ ဦးထိပ်မှာ ရေစပ်သွန်းချ၍ ထိမ်းမြားခြင်းဆိုပြီးရှိပါတယ်၊ စုလျားက သတို့သား၊ သတို့ သမီးတို့အတွက် လည်ပင်းမှာ ချည်နှောင်ကြတဲ့ ပဝါရှည်အစကိုခေါ်တာပါ၊အဲဒီပ၀ါရှည်လေးကို နှစ်ဦးရဲ့လက်မှာ ရစ်ပတ်ချည်နှောင်တာပါ၊ ခမ်းနားကြီးကျယ်ပြီး မြင့်မြတ်တဲ့ မင်္ဂလာပွဲတစ်ပွဲမှာ စုလျားရစ်ပတ်ခြင်းနဲ့ ဘိသိက်သွန်းလောင်းခြင်းက အိန္ဒိယ ထုံးစံအရ အဓိကဖြစ်ပါတယ်၊၊
ဒီနေရာမှာ ဘုန်းဘုန်း အိန္ဒိယနိုင်ငံမှာ (၁၀)နှစ်တာ ပညာသင်ခရီးမှာ ဗေဒင်ဘာသာရပ်ဆိုင်ရာ ဝေဒစာပေများနဲ.အိန္ဒိယမှာ လက်တွေ. ပုဏ္ဏားတို.က မင်္ဂလာဆောင်ပေးခြင်း ဗေဒင်တွက်ချက်မှု ဓလေ့ကို ကိုယ်တွေ.များအား အခြေခံပြီး ပြောပြရင် စုလျားရစ်ပတ်ရာမှာတော့ သတို့သမီးရဲ့ ဘယ်လက်ကို ဖြန့်ထားစေပြီး သတို့သားရဲ့ဘယ်လက်က ဖြန့်ထားတဲ့ သတို့သမီးရဲ့ လက်ပေါ်မှာ တင်ထားပါတယ်။ရွှေနှစ်ပြားကို တစ်ပြားတည်း ဂဟေဆက်တဲ့ ပုံစံမျိုးလုပ်ကြတယ်။ သတို့သား၊ သတို့သမီး မင်္ဂလာမောင်နှံအတွက် နှစ်ကိုယ်ပေါင်းစပ်ပြီး နှစ်ခုပေါင်းမှ တရွက်ဆိုကြတဲ့ စွယ်တော်ရွက်ပမာ နီးစပ်မှုရစေတဲ့သဘောပါ၊ ဘယ်ဘက် ရင်မှာရှိတဲ့ နှလုံးသားချင်း ထာဝရတစ်ဘဝစာနီးစပ်မှုကို ဖြစ်စေပါတယ်။ တချို့ဝေဒဘိသိက်ကျမ်းတွေမှာဆိုရင် သတို့သား၊ သတို့သမီးရဲ့လက်ယာလက်ချင်း ဆက်ပေးတယ်လို.ယူပါတယ်၊ ဆက်စပ်ထားတဲ့ ရွှေပြားတစ်ချပ်လို ထာဝရ တစ်ဘဝစာ တစ်သားတည်းရှိတဲ့သဘောနှင့် သတို့သမီးကိုယ်မှာ လွှမ်းခြုံထားနိုင်တဲ့ အနံနှစ်တောင်၊အလျား ခြောက်တောင်ရှိ ပဝါ ဒါမှမဟုတ် မာဖလာလိုမျိုး လည်းမှာစည်းတဲ့ ပဝါရှည်ကို အရှည်အတိုင်း သတို့သား၊ သတို့သမီးတို့ရဲ့ ဂဟေဆက်သလို တစ်သားတည်းဖြစ်နေတဲ့လက်မှာ ရစ်ပတ်ချည်နှောင်ထားကြတယ်၊ တစ်ဦးကိုတစ်ဦး မြဲမြံတဲ့ သံယောဇဉ် ချည်နှောင်မှုကို ပြသခြင်းဖြစ်တယ်၊ စုလျားရစ်ပတ်ထိမ်းမြားခြင်းဆိုတာ တဦးကိုတဦး ဘယ်လောက် ချစ်ကြတယ်ဆိုတာကို ထာဝရ ချစ်သွားနိုင်ရေးကို ဗေဒင်ကိန်းများ တွက်ချက်အရ ပုံစံတွေနဲ.သရုပ်ဆောင်ပြသကြတယ်၊ ဗေဒင်ယုံပြီး ချစ်တာ ဆိုရင်တော့ ဘ၀နဲ.အချစ်ဟာ တထပ်တည်းကျမယ်မဟုတ်ပါဘူး၊အချစ်ဆိုတာ ဟန်ဆောင်မူမပါ၊ တယောက်ပေါ် တယောက် နာလည် ပေးနိုင်စွမ်းနိုင်မူကို အခြေခံ၍ နှစ်ဖက်စလုံးရဲ. အတ္တနှင့်မာနတွေကို ခ၀ါချရမယ်၊ကိုယ်ကျင့်သိက္ခာ တရားကို မဏ္ဍိုင်ထားရမယ်ဆိုတဲ့ အသိတရားနှင့် အပြန်အလှန်လေးစား ဆက်ဆံမူများသည် အချစ်မှာ မရှိမဖြစ် အခြေခံ ကျတဲ့ အကြောင်းတရားတွေဖြစ်ပါတယ်၊ဒါတွေက အမေ အဖေမွေးကထဲက ပါခဲ့တာ မဟုတ်ပါဘူး၊ သိတတ်တဲ့ အရွယ်မှာ ကြိုးစားယူရမည့် အရာတွေဖြစ်တယ်၊ ဘ၀တခု၊မိသားစုတခုကို ထူထောင်မယ်ဆိုရင် လူပီသအောင် စိတ်ပိုင်း ဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာကို ပြည့်မှီပြီး ယောကျားကောင်း မိန်းမကောင်းဖြစ်အောင် ကြိုးစားရမယ်၊၊
ဇန်န၀ါရီ (၂၀) ရက် Sedona Hotel မှာ လက်ထပ်မင်္ဂလာ
ထမင်းလက်ဆုံစားပြီး လက်ထပ်ခြင်းကတော့ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာဓလေ့တစ်ခုဖြစ်တယ်၊ ဆန် (၇) မျိုးချက်ပြီး (၇)လုပ်ခွံ့ကျွေးဖို့ ထမင်းဆုပ် (၇)ဆုပ် အသင့်ပြင်ထားရပါတယ်။ ထမင်းဆုပ် ခွံ့ကျွေးခြင်းကို ရှေးယခင် ဘုရင်လက်ထပ်က ကြီးကျယ်မြင့်မြတ်သူ ဘုရင်ကိုယ်တိုင် သတို့သား၊ သတို့သမီးကို ခွံ့ကျွေးပါတယ်။ ပြီးမှ ချစ်ကြင်နာစွာ တစ်ဦးကိုတစ်ဦး ခွံ့ကျွေးကြပါတယ်။ထမင်းတင်မက မုန့်ပဲသရေစာ၊ လက်ဖက်တွေကိုလည်း သတို့သား သတို့သမီးတို့ အချိုပွဲလက်ဆုံ စားတာကို ထိမ်းမြားခြင်း မင်္ဂလာပါပဲ။ သတို့သားသတို့သမီး လက်စွပ် အပြန်အလှန် လဲလှယ် ဝတ်ပေးတာလဲ မင်္ဂလာ ရှိတယ်၊အကြင်လင်မယားလိုမျိုး ချစ်လာရင်သတို့သား၊သတို့သမီးတို့ကိုက အပြန်အလှန် ဝတ်ဆင်ပေးပါတယ်။ လက်စွပ်လဲ၍ ထိမ်းမြားခြင်းဟာ စုလျားရစ်ပတ်မင်္ဂလာမှာထဲမှာပါဝင်တယ်၊အကွင်းလိုက် ရွှေဆွဲကြိုးကို သတို့သား၊ သတို့သမီးလက်မှာ ရစ်ပတ်ပြီး ကွင်းလိုက် စွပ်ပေးခြင်းကို ဒါလီဖွဲ.၍ လက်ထပ်မင်္ဂလာလို. ခေါ်ကြတယ်၊ စုလျားရစ်ပတ်မှာ အောင်စံပယ်ပန်းကုံးစွပ်ပေးခြင်းဖြင့် ပန်းကုံးစွပ် ထိမ်းမြားခြင်း မင်္ဂလာ၊ ရေခွက်ထဲမှာ လက်ချပြီး ထိမ်းမြားခြင်းကတော့ ဘိသိက် သွန်းလောင်း ရေနဲ့ အတူ ငွေဖလားမှ ရေထဲကို လက်ချပြီး ထိမ်းမြားခြင်းလို့ဆိုပါတယ်။ ငွေဖလားထဲက ရေနဲ့ဘိသိက်သွန်းပြီး ရေများကိုတော့ စီးဆင်းနေတဲ့ချောင်းရေ၊ မြစ်ရေထဲ မျှောချပစ်ရပါတယ်။ ဘဝတစ်သက်တာမှာ ဇနီးမောင်နှံအတွက် မေတ္တာတရားတွေ အလျဉ်မပြတ် စီးမျောစေတဲ့ မေတ္တာရေစီကြောင်း သဘောပါပဲ၊ ချစ်ကောင်းရဲ. ရေစီကြောင်း သံယောဇဉ် သီချင်းလေး တေးဆိုကာ မင်္ဂလာယူနိုင်ပါတယ်၊၊
ဦးထိပ်မှာ ရေစင်သွန်းလောင်းပြီး လက်ထပ်ခြင်းကတော့ လက်ယာရစ် ခရုသင်း ဒါမှမဟုတ် ရွှေ၊ ငွေ၊ စတဲ့နဝရတ်ကိုးပါးနဲ့ နံ့သာမျိုးငါးပါး ထည့်ပြီး သပြေညွန့်စိုက်ကာ သတို့သား၊ သတို့သမီးတို့ ဦးထိပ်မှာ သွန်းလောင်းပြီး လက်ထပ် ထိမ်းမြားခြင်း ပါပဲ၊ပုဆိုးတန်းတင် ထိမ်းမြာလက်ထပ်ခြင်း၊ အဝတ်လဲ၍ ထိမ်းမြားလက်ထပ်ခြင်းတို့က စုလျားရစ်ပတ်လိုမျိုး မဟုတ်ပါဘူး။ သတို့သမီးရဲ့ အိမ်ခန်းမှာ သတို့သားရဲ့ပုဆိုးကို တန်းတင်ခြင်းလဲ မင်္ဂလာလို.ဆိုတယ်၊အမျိုးသမီးအခန်းမှာ ပုဆိုးတွေ.ရင် ဒါမဟုတ် ယောကျားလေးအခန်းမှာ အမျိုးသမီးရဲ. အ၀တ်စားတွေ.ရင် မေတ္တာမျှနေပြီလို. ယူဆကြတယ်၊ အဝတ်လဲ၍ ထိမ်းမြားခြင်းကလည်း သတို့သားကို သတို့သမီး အိမ်အရောက်မှာ သတို့သမီးဘက်က ဆွေမျိုးတွေက အဝတ်သစ် ထုတ်ပေးပြီး ထိမ်းမြားခြင်းပဲ ဖြစ်ပါတယ်၊စုလျားရစ်ပတ် လက်ထပ် ခြင်းကတော့ မြန်မာတို့ရဲ့ရှေးရိုးအစဉ်အလာ မင်္ဂလာ ပွဲတစ်ပွဲ ဖြစ်ပါတယ်။ မင်္ဂလာပွဲကို စီစဉ်တော့မယ်ဆိုတာနဲ့ သတို့သမီးကို တောင်းရမ်းရတယ်၊ဒီဓလေ့က တောရွာ တောဓလေ့ နယ်တွေမှာဆိုရင် တခါချစ်တာနဲ. လက်ထပ်ကြတယ် ထာဝရပေါင်းကြတဲ့ ရိုးရာဓလေ့ဟာ အလွန်ကျေနှပ် စရာပါ၊အခုခေတ်က အတူနေ အတူစား အကြင်လင်မယားလားလို. မမေးနဲ. အဲဒါတွေက သူများရဲ. ကိုယ်ရေးကိုယ်တာ ပြည်တွင်းရေးကို ၀င်မစွက်နဲ.ဆိုရင် ပြောဖို.ခက်ပါတယ်၊ အချစ်ကို စနစ်တကျ ထိမ်းမြားမင်္ဂလာပြုတာက နှစ်ဖက်မိဘ မှာလည်း ကျေနှပ်စရာဖြစ်ပါတယ်၊၊ |
စုလျားရစ်ပတ် လက်ထပ်ခြင်းမင်္ဂလာပွဲမှာ သတို့သားဘက်က ငွေဆွမ်းအုပ်အကြီး ပါလာရပါတယ်။ သတို့သမီးကို သတို့သားက ငွေဆွမ်းအုပ်မှာ လက်ဝတ်ရတနာများကို ထည့်ပြီးတောင်းရပါတယ်၊ သတို့သမီးဘက်ကလည်း သတို့သားရဲ့ ရတနာပစ္စည်းတွေနဲ့ တောင်းခံမှုအတွက် ကျေနပ်သဘောတူကြောင်းကို ငွေကွမ်းအစ်မှာ ကွမ်း၊ ဆေး၊ ထုံး အသင့်ထည့်ပြီး ကြိုဆိုရပါတယ်။သတို့သားဘက်က ငွေဆွမ်းအုပ်မဟုတ်ဘဲ ရွှေဆွမ်းအုပ်ဖြစ်ခဲ့ရင် သတို့သမီးဘက်ကလည်း ရွှေကွမ်းအစ်နဲ့ ကြိုဆိုရပါတယ်။စုလျားရစ်ပတ်မင်္ဂလာပွဲမှာ အနန္တော၊အနန္တငါးပါးကို ဦးထိပ်ထားပြီး ငှက်ပျော ငါးဖီး၊ အုန်းသီး၊ ကွမ်းယာ၊ လက်ဖက်ပွဲတို့နဲ့ ပွဲပြင်၍ ကန်တော့ပွဲနှင့် တောင်းရပါတယ်၊
ဘုရားပွဲမှာ တံခွန်၊ ကုက္ကား၊ မုလေးတို့ကို ထိုးစိုက်ထူထားရမယ်၊ စုလျားရစ်ပတ်ထိမ်းမြားမင်္ဂလာပွဲအတွက် ကန်တော့ပွဲ (၅) ပွဲလည်း ပြင်ကြပါသည်။ ဘုရားပွဲ တစ်ပွဲ၊ သမ္မာဒေဝနတ်များအတွက် တစ်ပွဲ၊ သတို့သား မိဘပွဲ တစ်ပွဲ၊ သတို့သမီး မိဘပွဲ တစ်ပွဲနဲ့ ဆွေဟောင်း မျိုးဟောင်းရိုးရာတို့ကို ရိုသေမှုတစ်ပွဲ၊ ငါးပွဲ ပြင်ကြပါတယ်။ တချို့နေရာတွေမှာတော့ မိုးလေ၀သ အခက်အခဲမကြုံစေဖို့လည်း ပွဲတင်ကြပါတယ်။စုလျားရစ်ပတ် ထိမ်းမြားမင်္ဂလာအတွက် ငွေဖလားကြီးတစ်လုံးက သတို့သား၊ သတို့သမီးထိုင် ဆိုဖာခုံအရှေ့မှာ ရှိနေရပါမယ်။ စုလျားရစ်ပတ်မယ့် ပဝါကိုလည်း ငွေဖလားမှာ အသင့်ထားရှိ ရမယ်။ ရွှေအောင်အိုး၊ ငွေအောင်အိုးနှစ်လုံး ထားရပါတယ်။ ရွှေအောင်အိုးက သတို့သားအတွက် ဖြစ်ပြီး ငွေအောင်အိုး ကတော့ သတို့သမီးအတွက်ပါ။ သတို့သား၊ သတို့သမီးရဲ့အရှေ့မှာ အသင့်ရှိနေရန် မင်္ဂလာအောင်စံပယ် ပန်းကုံး နှစ်ကုံး၊ ရွှေခရား၊ ငွေခရား၊ လက်စွပ်ဝတ်ဖို့အသင့် နှစ်ကွင်း၊ နံ့သာငွေခွက်တွေထားရှိရပါတယ်။ နံ့သာခွက်တွေမှာ နံ့သာရည်တွေ ဖျန်းပက်ဖို့ သပြေခက်တွေ ထားရပါတယ်။ အောင်အိုးတွေမှာတော့ သပြေ၊ နှင်းဆီတွေ စိုက်ထိုးထားရပါတယ်။ ကန့်တော့ဖို့ အတွက် ပန်းစည်း ငါးစည်းစီလည်း ထားရပါတယ်။ စုလျားရစ်ပတ်လက်ထပ်ရာမှာ ကြီးကျယ်ခမ်းနားပြီး မင်္ဂလာရှိစေတာမို့ မင်္ဂလာပွဲမှာ ငွေခရုနဲ့ သပြေနုသွန်းပြီး ဘိတ်သိတ်ဆရာက ရွတ်ဖတ်ပြီးဘိသိက်သွန်းလောင်းရပါတယ်။ ငွေဖလား တစ်လုံးမှာ အသင့်ရှိနေရမည့် ပစ္စည်းများက ဆန်မန်း၊ပေါက်ပေါက်နဲ့ ရတနာ(၇)ပါး ထည့်ထားပြီး ထိမ်းမြားခြင်း မင်္ဂလာ အောင်မြင်တဲ့ မင်္ဂလာအချိန်မှာ ပန်းပေါက်ပေါက်တွေကြဲရပါတယ်။ ရွှေငွေရတနာ မိုးတွေ ရွာသွန်းပေးရပါတယ်။ ခမ်းနား ကြီးကျယ်သော စုလျားရစ်ပတ် မင်္ဂလာပွဲမှာ ငွေခရုကနေ ရေသွန်းပြီး သတို့သား၊ သတို့သမီးတို့ ဘိသိက်ပွဲ ဆင်နွှဲကြ ပါတယ်။ မင်္ဂလာရှိတဲ့ မင်္ဂလာအချိန် ဖြစ်တာကြောင့် သတို့သား၊ သတို့သမီးတို့ရဲ့ ရှေ့ခရီးလမ်းက ဖြောင့်ဖြူး သာယာစေပါ လိမ့်မယ်။ မင်္ဂလာ အခမ်းအနား အတွက် မင်္ဂလာအောင်ပန်း ထိုးရာမှာတော့ မြန်မာ့ရိုးရာမင်္ဂလာပွဲနဲ့ လိုက်ဖက် လှပအောင် အလှပန်းတွေမျိုးစုံထိုးပေးရပါတယ်၊ ပန်းပေါင်းစုံ ပန်းအလှတွေကို ခမ်းနားထည်ဝါအောင် အလှဆင်ကြတာကို အိန္ဒိယ နယူးဒေလီနှင့် ပန်ချပ်ပြည်နယ် ချန်တီကတ်မြို.မှာ အိန္ဒိယ မင်္ဂလာအခမ်းအနားကို တက်ခဲ့ဖူးပါတယ်၊မြန်မာ့ယဉ်ကျေးမူ ဓလေ့များက အိန္ဒိယက ဆင်းသက်လာတယ်ဆိုတာ ဗေဒင်လက္ခဏာ နတ်ကိုးကွယ်မူ လက်ထပ်မင်္ဂလာစသည့် ဒီလိုအပိုင်း တွေဟာ ဟိန္ဒူဘာသာရဲ. ရိုးရာဓလေ့အတိုင်း ပုဏ္ဏားတွေက စီမံပေးပါတယ်၊၊
စုလျားရစ်ပတ်မင်္ဂလာကို အစီအစဉ်တကျ ခမ်းနားကြီးကျယ်ခြင်းကို မင်္ဂလာကျက်သရေတို့ စုဝေးဆုံရာ မင်္ဂလာပွဲတစ်ခုလို. ယုံကြည်ကြတယ်၊မင်္ဂလာပွဲကို ကတို.သားက မြင်းစီးလာမယ် ဆွေမျိုးများက သီချင်းဆို၊တီးက၊ဆိုကြ၊ကကြနဲ. အညာ ဒေသမှာ အလှူပွဲမောင်ရှင်လောင်းလဲ့လည်သလိုမျိုး လက်ရှိအိန္ဒိယနိုင်ငံမှာ မင်္ဂလာဆောင်ကြတယ်၊မင်္ဂလာရှိသော မင်္ဂလာပွဲအတွက် အတိမ်းအစောင်းမရှိအောင် ပုဏ္ဏားဆရာကြီးက မင်္ဂလာအကြောင်းရှင်းပြကာ ဝေဒကျမ်းစာအတိုင်း သက္ကတဘာသာနဲ. ရွတ်ဖတ်တယ်၊ မင်္ဂလာဘိတ်သိက်ဆရာရဲ့ မကျွမ်းကျင်၊ မလိမ္မာမှုတွေရှိခဲ့ရင် မင်္ဂလာဇနီး မောင်နှံမှာ ထိခိုက်နိုင်တဲ့ ဒဏ်(၁၀)ပါး၊အပြစ် (၈)ပါး ကျရောက်တတ်တယ်လို့ ဗေဒင်ကျမ်းကဆိုပါတယ်၊ဒဏ်(၁၀)ပါးက ယခု လက်ငင်း၊ ခဏချင်းဆိုသလို’’ ပြင်းပြရောဂါ ဥစ္စာကုန်ပြား၊ ပျက်ပြားခြေလက်၊ ရေပျက်နူနာ၊ စိတ်မှာ ရူးသွပ်၊ မင်းဘေး ကပ်လျက်၊ ရိုးစွပ်သူခိုး ဆွေမျိုးပြုန်းတီး၊ ပစ္စည်းသုံးဆောင်၊ မီးလောင်အိမ်ရာ ဒဏ်ဆယ်ဖြာ သေခါငရဲ ကျရောက်မြဲလို့” ဝေဒကျမ်းကဆိုထားပါတယ်၊ ဘိသိက်မင်္ဂလာ အစီအစဉ် စနစ်မကျရင် အပြစ် (၈)ခု ကျရောက်စေတယ်၊မင်္ဂလာအခမ်း အနား ကြီးကျယ်မြင့်မြတ်တဲ့ စုလျားရစ်ပတ် မင်္ဂလာအတွက် မင်္ဂလာရှိစေတဲ့ မှန်ကန်တဲ့ မင်္ဂလာလုပ်ဆောင်မှုတွေကိုပဲ ပြုလုပ်ရပါမယ်။မင်္ဂလာအပေါင်းနဲ့ ပြည့်စုံတဲ့ မင်္ဂလာပွဲကျင်းပ အောင်မြင်တဲ့အခါ မင်္ဂလာ မောင်နှံမှာ ဘေးအန္တရာယ် ကင်းပါတယ်။ဖြောင့်မတ်တဲ့ တိုးတက်ရာလမ်းကို အခက်အခဲမရှိ အောင်မြင်စွာ လျှောက်လှမ်းနိုင်ပါတယ်။ မင်္ဂလာ ကျက်သရေတို့နဲ့ ပြည့်စုံစေတဲ့အတွက် မင်္ဂလာရှိပြီး မိဘကို အကျိုးပြုမယ့် သားကောင်း သမီးကောင်း ရတနာလေးတွေကို ရရှိနိုင်ပါတယ်။ကျက်သရေမင်္ဂလာရှိတဲ့ ဇနီးမောင်နှံအတွက် ဘုန်းကံရှိတဲ့ သားသမီးတွေမွေးဖွားပါတယ်။ မင်္ဂလာဘိသိက် သွန်းလောင်းပြီး စုလျားရစ်ပတ်ထိမ်းမြားခြင်းဟာ ဘဝခရီးတစ်လျှောက် မင်္ဂလာ ကျက်သရေ ပြည့်ဝစေတဲ့ ထိမ်းမြားခြင်း တစ်ရပ်ပါပဲလို. မြန်မာတွေက အယူရှိကြပါတယ်၊၊
မောင်နှင့်မယ် ချစ်ကြပေမဲ့ ဇာတာခွင်ကလဲ စစ်ကြသေးတယ်
ဇန်န၀ါရီ (၂၁)ရက် Inyalake Hotel မှာ ဆွေမျိုးမိတ်သင်္ဂဟ အပေါင်းနှင့် သူငယ်ချင်း အားလုံးကို ဖိတ်ခေါ်ပြီး ညစာ စားပွဲဆိုတာ ဒါနသဘောဖြစ်တာမို. ထမင်း လက်ဆုံစားတာသည် မင်္ဂလာဖြစ်စေပါတယ်၊ အစောက မင်္ဂလာဆိုတာ ကုသိုလ်သဘောဆောင်ပြီး မကောင်းမှုများ ရှောင်ကာ ကောင်းတဲ့အလုပ်တွေကို ပြုလုပ်ခြင်းကို မင်္ဂလာရှိတယ်လို. နားလည်ရမယ်၊မှူးယစ်သောက်စားပြီးဆိုရင် လူ.သဘာဝ ပုထုဇဉ်မို. ဖောက်ပြားနိုင်တယ် မင်္ဂလာယူ နေသည့် အခါမျိုးမှာ မင်္ဂလာကို ဖျက်ဆီးစေမည့် အရက်သေစာ ဘိန်း ဆေးချောက်များကို ရှောင်ရမယ်၊ ငါးပါးသီလ လုံခြုံအောင် ထိမ်းသိမ်း သွားမယ်ဆိုရင် ထာဝရမင်္ဂလာ ဖြစ်ပါတယ်၊၊
တကောင်း၊ သရေ ခေတ္တရာ၊ ဗိဿနိုး၊ ပုဂံ၊ စစ်ကိုင်း၊ ပင်းယ၊ အင်းဝ၊ တောင်ငူ၊ ကုန်းဘောင် ခေတ် အဆက်ဆက်တို့တွင် ဘုန်းကြီးသော ဘုရင်တို့သည် အနယ်နယ် အရပ်ရပ်မှ ဆက်သ လာသော မိဖုရားလောင်းလျာ တို့အား ဘုရင်၏ ဇာတာ၊ မိဖုရားလောင်း တို့၏ ဇာတာ တို့နှင့် ဇာတာခြင်း ဆက်စပ် စစ်ဆေးပြီးမှ- ဘုရင်နှင့် မကိုက်ညီလျှင်၊ အိမ်ရှေ.မင်းသား ခံစားစေဆိုပြီး လွှဲအပ်တဲ့သဘောပဲ၊ မိဖုရားလောင်း ၏ မျိုးရိုး ဂုဏ်သိက္ခာ အလိုက် နန်းရ မိဖုရား၊ အဆောင်ရ မိဖုရား၊ အဆောင်မရ နန်းမရ မိဖုရား စသည်ဖြင့် အဆင့် အလိုက် ခွဲခြားကာ ဘုရင်က မိဖုရား မိန်းမများစွာနှင့် ကာမဂုဏ် အရသာကိုသာ ဦးစားပေးပြီး ခံစားခဲ့တယ်၊ တိုင်းပြည်လုံခြုံရေးနှင့် တိုးတက်ဖွင့်ဖြိုးရေးကိုတော့ မေထုန်စိတ်ကြောင့် တိုင်းပြည်ချစ်စိတ်ပျောက်ခဲ့ရသလား မသိပါဘူး၊ တိုင်းပြည် တစ်ခု အနေဖြင့် - ရှင်ဘုရင် နှင့် မိဖုရား ပေါင်းစည်းသည့် ကိစ္စ အရေးကြီးသလို၊ အိမ်ထောင်တစ်ခု၊ ဘ၀တစ်ခု တည်ဆောက်ကြရာတွင် ထိုအိမ်ထောင်ရေး တည်ငြိမ်မှု၊ ပျော်ရွှင် ချမ်းမြေ့နိုင်မှု၊ သားကောင်း သမီးမြတ်တို့ ထွန်းကား နိုင်မှု၊ လုပ်ငန်း ကိုင်ငန်း အောင်မြင်၍၊ ကြီးပွား တိုးတက်နိုင်မှု၊ ခင်ပွန်း နှင့် ဇနီးတို့ အသက်ရှည်ရှည် ပေါင်းသင်း နိုင်မှုတို့သည် အလွန် အရေးကြီးတယ်ဆိုတာ ရှေးယခင်ကထဲက အရိုးဆွဲခဲ့တာ ဒီကနေ.အချိန်ထိပါပဲ
အိန္ဒိယတွင်မှာ သမီးရှင်တို့ အနေဖြင့် သားမက်လောင်းကို ရှာကြပါတယ်၊နှစ်ဘက် မိဘချင်း- တွေ့ဆုံ စေ့စပ် ညှိနှိုင်း ကြ၍ အဆင်ပြေလျှင် မိန်းကလေးဖက်က ယောကျားလေးကို တင်တောင်းရတယ်၊ ဗေဒင် ဆရာတို့ထံသွား၍ အကြံဥာဏ်များ တောင်းကြသည်။ သတို့သား၊ သတို့သမီးလောင်းတို့၏ ဇာတာ တို့တွင် တစ်ဦး ဦး၏ ဇာတာတွင် မကောင်းသော အခြေအနေများ ရှိလျှင် ရှေ့ဆက်တိုးသင့် မတိုးသင့်၊ လက်ထပ်လိုလျှင်- လိုအပ်သော ပူဇော်ပသမူများ၊ ယတြာများကို ကြိုတင်ပြင်ထားတယ်၊တချို.ဆိုရင် မင်္ဂလာဦးည ပိတ်ဖြူမှာ သွေးမထိလျင် အပျိုမစစ်ဘူးဆိုပြီး ယောကျားလေးဖက်က ညင်းပယ်လို. ကောင်မလေးဖက်က ဒူးထောက်တောင်းပန်တာတွေတောင်ရှိပါတယ်၊အိန္ဒိယမှာ မိန်းကလေးမွေးရင် အဖေ ဖြစ်သူက အဲဒီသမီး ယောကျားယူရင် တင်တောင်းဖို.ငွေရှာ၊ ငွေစုလုပ်ရတယ်၊ ဟိန္ဒူဘာသာအယူပါပဲ၊ကုလားဆိုတာ မိန်းမကို အလုပ်သွားရင်တောင် အပြင်ကသူမိန်းမကို သော့ခပ်အိမ်တံခါးပိတ်သွားတာ၊အိမ်မှာ မီးလောင်ရင်တောင် ထွက်ပြေးစရာ အပေါက်မရှိလို. မိန်းမဖြစ်သူက သေခဲ့ရတာတွေရှိတယ်၊ သားမမွေးရင် မိဘတွေက အမျိုးပျက်လို. ထင်ကြတယ်၊ ဒီကနေ.မှာတော့ အိန္ဒိယ မျိုးဆက်လူငယ်များက ဥရောပ အမေရိကနိုင်ငံများမှာ ၆၅% သွားရောက် ပညာသင်ခြင်း၊အိန္ဒိယအစိုးရကိုယ်တိုင်က အနောက်နိုင်ငံအစိုးရတွေနှင့် ပူးပေါင်းမူကြောင့် ယဉ်ကျေး မူတွေ ရောယှက်၍ ဇတ်ပျက်ပြီး အားလုံးယူကြပါပြီ၊ကုလားအထီးကလဲ မိန်းမဆိုရင် ဇာတာမလို ရတာ အားလုံးယူလို. အခုဆိုရင် မြန်မာ ပြည်မှာ ကုလားမယားဖြစ်သူတွေ ဘယ်လောက်များနေပြီလဲကြည့်ပါ၊၊
အချစ်မှာ ယတြာလိုသလား
ကုတ ကို (၀ိဝါဟ ပုံဌာန) ခေါ်တယ် “ကုတ” ၏ အဓိပ္ပါယ် မှာ “ကိုက်ညီမှု” ဖြစ်သည်။ ကုတ အများစုသည် သတို့သား နှင့် သတို့ သမီးတို့၏ စန်းယှဉ် နက္ခတ်တို့ကို တိုက်ဆိုင် စစ်ဆေးခြင်းပါ၊ စန်းယှဉ် နက္ခတ်ဆိုသည်မှာ တနင်္လာ ဂြိုဟ်သည် မည်သည့် နက္ခတ်မှာ ရောက်နေတယ်ဆိုတာ ကြည့်ကြတယ်၊ကုတ နည်းဖြင့် စစ်ဆေးရာမှာ စစ်ချက် စုစုပေါင်း (၃၆) ခုရှိပါတယ်၊ ၂-ဦးပေါင်း ၁၈-မှတ်ထက် မကျော်လွန်ပါက ထိုစုံတွဲကို အိမ်ထောင် မပြုသင့်ဘူးလို. ဟောကိန်းထုတ်တာပါ၊၊
(၁)၀ါဏကုတ- အိမ်ထောင်ဖက်ကို အတ္တ အတွင်းစိတ်တို့ ကိုက်ညီမှု၊(၂) ၀ါသျှရ ကုတ-တစ်ဦးနှင့်တစ်ဦး အပြန်အလှန် မေတ္တာစိတ် ဆက်သွယ်မှု၊ချစ်ခင် တန်ဘိုးထားမှု၊(၃)ဒိနကုတ- အိမ်ထောင်ဘက် လောင်းတို့ ၏ ကျန်းမာရေး အနေအထား နှင့် စိတ်ချင်း ဆက်သွယ်မှု၊ တနည်းအားဖြင့် အိမ်ထောင်သက်တမ်း ကာလ ထိခိုက်နိုင်မှု အခြေ အနေကို စစ်ဆေးခြင်း၊(၄) ယောနိ ကုတ- အိမ်ထောင်ဘက် လောင်းတို့ အိမ်ထောင်ရေး သုခ၊ လိင် အနေအထား ကိုက်ညီမှုကို နက္ခတ်တို့ မှ မူတည်၍ စစ်ဆေးခြင်း ဖြစ်သည်၊အင်္ဂါဇတ်ကို ကြည့်ရူ စစ်ဆေးတယ်၊အိန္ဒိယ၌ ငယ်ရွယ်ချိန်ကလေးဘ၀မှာ အင်္ဂါဇတ်ကို လှအောင် မုန်.ညှင်းဆီနှင့် ပွတ်လိမ်းပေးတာကို နာလန္ဒာတက္ကသိုလ် ပတ်ဝန်းကျင် ရွာတွေမှာ တွေ.ဖူးပါတယ်၊၊
(၅)မိတ္တရိ- အိမ်ထောင်ဘက်လောင်းတို့ အနေဖြင့် သားသမီး ထွန်းကားနိုင်မှု၊ စိတ်ဓါတ် အခြေအနေ၊ ရည်ရွယ်ချက်၊ ဦးနှောက်သုံး စဉ်းစားတတ်သော သဘာဝ နှင့် ဘာသာရေး သဘောထား၊ မိန်းမနဲ.ယောကျားက ကာမဂုံရမက် အနေ အထားကို စစ်ဆေးခြင်း၊(၆)ဂါဏ ကုတ- ဇာတာရှင်တို့၏ စိတ်စရိုက်ချင်း တိုက်ဆိုင်မှု အနေအထား၊ နေ့စဉ် အပြုအမူတို့ကို စစ်ဆေးခြင်း၊(၇)ရာသီ ကုတ- မိသားစုဘ၀ အနေအထား၊ ကြီးပွားတိုးတက် နိုင်မှု အနေအထား တို့ကို စစ်ဆေးခြင်း၊(၈) နဒီကုတ- အိမ်ထောင်ဘက်လောင်းတို့၏ ကျန်းမာရေး၊ အသက်ရှည်နိုင်မှု၊ ပျော်ရွှင် ချမ်းမြေ့နိုင်မှု အနေအထားကို စစ်ဆေးခြင်း ဒါတွေက ရှေးယခင် အိန္ဒိယနိုင်ငံမှာ ဗေဒင် ပုဏ္ဏားတွေက အခါပေးကြတယ်၊ဟိန္ဒူဘာသာရေး ပြင်းထန်တဲ့ ဗာရာဏသီမြို.ဆိုရင် ယနေ.ချိန်ထိ မြင်တွေ.နိုင်ပါတယ်၊၊
အဆင့်အတန်း ဇတ်စနစ် ခွဲခြားတာ ဘုရားမကြိုက်
ဘ၀ရည်မှန်းချက်တို့ မတူသော အိမ်ထောင်ရေးသည် ရေရှည်တွင် ပျော်ရွှင်မှုတို့ ဆိတ်သုဉ်း သွားတတ်တယ်၊ ဒီလို စစ်ဆေးခြင်းဟာ သတို့သားနှင့် သတို့သမီးတို့၏ ဘ၀ ရည်မှန်းချက် ပန်းတိုင်ကို လျှောက်လှမ်းလိုသော သဘာဝ၊ ရည်ရွယ်ချက် နှင့် ဘာသာရေးတူညီမူ ယုံကြည်ကိုးကွယ်မူ သဘောထားမှုတို့ကို စစ်ဆေးခြင်း ဖြစ်ပါတယ်၊
ဟိန္ဒူဘာသာတွင် အဓိကအားဖြင့် ဇတ်ကြီး လေးမျိုးရှိတယ်၊ဒီလို ခွဲခြားမူသည် အိန္ဒိယ အချစ်ဇတ်လမ်းမှာ ပြဿနာတွေ ရှိပါတယ်၊၊
ဗြဟ္မဏ (သန့်စင်သော အနွယ်- ပုဏ္ဏား မျိုးဟု ဆိုသည်။)ခတ္တိယ (မင်း အနွယ်၊ စစ် နှင့် အာဏာ ကို အစိုးရသော အမျိုး) ၀ဿ (ကုန်သည် အနွယ်) သုဒ္ဓ (ကျွန် အနွယ်)အိန္ဒိယနိုင်ငံမှာ ယနေ.ချိန်ထိ ဇတ်မတူလျှင် မပေးစားဘူး၊ခွဲခြားထားတယ်၊ အိန္ဒိယဗုဒ္ဓဘာသာဝင် ဘရူးဝါး မျိုးနွယ်များက ဆင်းရဲကြတယ်၊ ဆင်းရဲတော့ ဖိနှိပ်ခံရတယ်၊ ဖူးလန်ဒေ၀ီ ရုပ်ရှင်ဇတ်ကားဆိုတာ တကယ်အဖြစ်အပျက်အမှန် အရွယ် မရောက်ခင် အဓမ္မပြုကျင့်ခံရတယ်၊အဲလိုနဲ. ဘ၀ကို အရူံးမပေးဘဲ လက်နက်ကိုင်အဖွဲ.မှာ ခေါင်းဆောင်ဖြစ်လာပြီး တချိန်က သူကို ဆော်ကားခဲ့သည့် လူတွေကို ကလှဲ.စားချေ အားလုံးကို ပြန်သတ်တယ်၊ ဖူးလန်ဒေ၀ီဆိုတာ အိန္ဒိယ အစိုးရမှာ ၀န်ကြီးဖြစ်လာတယ် သူ.ဘ၀ သူ.အကြောင်းက အလွန်ဝမ်းနည်းစရာပါ၊ Phoolan Deve ဘ၀အကြောင်းကို Bandit Queen ရုပ်ရှင်ကို ကြည့်ရင် သိနိုင်ပါတယ်၊၊
ဂင်္ဂါ၊ ယမုနာ၊ အစီရ၀တီ၊သရဘူ၊မဟီ- ဟူသော မြစ်ကြီး ငါးသွယ်တို.သည် မဟာသမုဒ္ဒရာသို. ရောက်တဲ့အခါမှာ ဂင်္ဂါ၊ယမုနာ စသည့် အမည်နာမတွေ ဆိုင်းဘုတ်တွေကို ပယ်စွန်.၍ မဟာသမုဒ္ဒရာဟုသာ ခေါ်ဝေါ်သကဲ့သို. ဒီလိုပဲ အမျိုးလေးပါးမှ ပေါက်ဖွားလာသည့် လူများအားလုံး မြတ်စွာဘုရားရဲ. သာသနာအတွင်းမှာ ရဟန်းဝတ်လာပြီဆိုရင် မင်းမျိုး သူဆင်းရဲမျိုး ဆိုတာတွေ ဖျောက်၍ သကျပုတ္တ သာကီယ နွယ်ဖွား ဘုရားသားတော်ဟု တမျိုးထဲသာ ခေါ်ပါတယ်၊၊
ဘုရားရှင်က ညီညွတ်မူအတွက် လူတန်းစားခွဲခြားတဲ့ ဇတ်စနစ်ကို ပယ်ဖျက်ခဲ့တယ်၊လူတယောက် မြင့်မြတ်တယ် နှိမ့်ကျတယ်ဆိုတာ စိန်။ရွေရတနာ၊ ဂုဏ်ပကာသနနှင့် တိုင်းတာဆုံးဖြတ်လို.မရပါဘူး၊ လူတယောက်ရဲ. ကိုယ်ကျင့်သီလ အကျင့်တရား ရှိမူ မရှိမူဖြင့်သာ အရေးကြီးကြောင်းကို ဘုရားရှင်က ဗြဟ္မဇာလသုတ်တော်မှာ အကျယ်ဟောခဲ့ပါတယ်၊၊
အတောင် ၂၀-၀တ် မင်းယောက်ျား ဟု ကိုယ့်ကိုယ်ကို အထင်ကြီးနေသူ မြန်မာနိုင်ငံ ရှေးဘုရင်များအစ လက်ရှိပုရိသ နွယ်ဘွားများ အနေဖြင့် မိမိတို့ကတော့ ဘုန်းရှိသည်။ မိန်းမသားများက ဘုန်းနိမ့်တယ်လို. အယူအဆသည် အရာရာတိုင်း မမှန်ပါဘူး၊မိန်းမဖြစ်စေ ယောကျားဖြစ်စေ အတိတ်ဘ၀က ကံအကြောင်းတရားနှင့် လက်ရှိပစ္စုပ္ပန်မှာ ဘုန်းကံ ကြီးမားဖို. အကြောင်းကံတွေပေါ်မှာ မူတည်ပါတယ်၊မိန်းမများ ကိုယ်တိုင် ယောက်ျားသားများနှင့် အပြိုင်ပညာသင်၊ စီးပွားရှာ နေကြပြီ ဖြစ်တယ်၊ အမေရိကန်နိုင်ငံမှာဆိုရင် အမျိုးသမီးတွေက အမေရိကန်လွတ်တော်မှာ တာဝန်ယူနေပါပြီ၊ ယောက်ျားများစွာ တို့ထက် ဘုန်းရှိသော မိန်းမများ၊မိန်းမတို့ထက် ဘုန်းနိမ့်သော ယောက်ျားများလည်းရှိပါတယ်၊လူတယောက်နဲ. တယောက် အားနှဲချက် အားသာချက်ဆိုတာ ရှိနေတာမို. တန်းတူအခွင့်ရေးကို လေးစားပြီး အမျိုးသား၊အမျိုးသမီးအားလုံးက တိုင်းပြည်ရဲ. အကျိုးပြုလုပ်ငန်းတွေ လုပ်ဖို.သာလိုပါတယ်၊၊
တက္ကသိုလ်တွင် ထူးချွန်သော ကျောင်းသားအား- ဒိသာ ပါမောက္ခ ဆရာကြီး အနေဖြင့်၊ သမီး ဖြစ်သူဖြင့် ထိမ်းမြား ပေးသော်လည်း- ဆရာကြီး၏ သမီးက ဘုန်းကြီးသော မိန်းမဖြစ်၍ ကျောင်းသားသည် ဘုန်းသမ္ဘာ မဲ့သူမို. ကျောင်းသားက ညအခါအိပ်ယာ အတူပင် အိပ်စက်၍ မရပါဘူးတဲ့ နောက်ဆုံးတွင် မတို့မထိ ရသေးသော ဇနီး အသစ်ချပ်ချွတ်လေးအား အနည်းဆုံးအဆင့် အားဘွား မအေးခဲ့ရပဲ ရေသဖန်းပင်ပေါ်တွင် ထားခဲ့ရတယ်၊ မိန်းမဖြစ်သော်လည်း - ယောက်ျားများစွာ တို့ထက် ဘုန်းသမ္ဘာ ကြီးမားသူတို့ရှိနိုင်သလို၊ ဘုန်းသမ္ဘာ မကိုက်ညီပါက-မည်မျှပင် ပေါင်းစည်းရန် ကြိုးစားသော်လည်း ပေါင်းစည်း၍ မရခဲ့တာလဲ မဟောသဓာဇတ်တော်မှာရှိပါတယ်၊မည်သို့ပင် ဖြစ်စေ- သတို့သားလောင်းနှင့် သတို့သမီး လောင်းတို့၏ ဇာတာကို စစ်ဆေးပေးခြင်းသည် ဗေဒင်အယူသန်မူနှင့် ရှေးရိုးအဆင် အလာကို အရိုးစွဲမူကြောင့်ဖြစ်ပါတယ်၊ အခုခေတ်မှာ ဇာတာစစ်ဖို.အချိန် ကောင်မလေးမှာ မရှိသလို ကောင်မလေးက “လန်း”တယ်ဆိုရင် ဇာတာမလို ချစ်ဖို.သာ လိုတယ်လို. လူငယ်အများက ပြောနေပါပြီ၊ဘုန်းကံ မတူရင် အတူတူ အိပ်စက်လို.မရဘူးဆိုတာ ဒီခေတ်မှာတော့ မကြားမိ ပါဘူး၊ ဘုန်းကံတွေလဲ တူညီကာချစ်ကြတာမို. ကမ္ဘာ့လူဦးရေ တိုးပွားလာခဲ့ပါပြီ၊၊
အချစ်နဲ. အိမ်ထောင်ရေး
အချစ်စစ်ကို ဖျက်ဆီးနေတဲ့ ပုဏ္ဏားဗေဒင်ဆရာအစ ဂုဏ်ပကာသန စည်းစိမ်ဥစ္စာ စိန်ရွေ ရတနာနှင့် ပညာမာန်မာနတွေပဲ ဖြစ်ပါတယ်၊ ခွဲခြားမူတွေကို အဆုံးသတ်ပေးတာက အချစ်ပါပဲ၊ဗေဒင်အစ အိန္ဒိယမို. မမှန်တဲ့ အရာတွေကို လက်ကိုင်ထားသည့် ဘီဟားပြည်နယ်နှင့် ယူပီပြည်နယ်တွေဟာ လူတွေအလွန်ဆင်းရဲဒုက္ခရောက် နေတာပဲ၊ဗေဒင်ယတြာ မလို ကိုယ်လုပ်မှ ကိုယ်ရမည်ဆိုတဲ့ အယူဝါဒကို လိုက်နာသည့် ပန်ချပ်ပြည်နယ်၊ကနတကပြည်နယ်များက ခေတ်နှင့်အညီ ပြောင်းလွဲလုပ်ဆောင်လို. ဒီကနေ. အိန္ဒိယ ကွန်ပြူတာပညာအစ နျုကလီယားအဆုံး ပိုင်ဆိုင် နေတာဖြစ်တယ်၊မြန်မာနိုင်ငံ လူမျိုးတွေ ဗေဒင်ဆရာ လိန်တာကို ခံလာခဲ့တာ ကြာပြီ၊ဗေဒင်ဆရာလုပ်သူများ ဘယ်မှာများ ချမ်းသာလို.လဲ သူတို. ကိုယ်တိုင် စားဝတ်နေရေးအတွက် မဟုတ်တာရော ဟုတ်တာရော ပြောပြီး ပွဲအမျိုးမျိုး ထိုးခိုင်းကာ ၀မ်းစာရှာနေတာပါ၊ ဝေဒကျမ်းကို တည်ထောင်တဲ့ ပုဏ္ဏားများကိုယ်တိုင် ကောက်ကျစ်စဉ်းလဲပုံတွေ ဇတ်တော်တွေမှာ ရှိပါတယ်၊ ရဟန်းတွေ ဗေဒင်မဟောရဘူး၊ ဗေဒင်ဟောလို. ရလာသည့် လဒ်လာဘ ပစ္စည်းကို ဘယ်ရဟန်းမှ မသုံးစွဲရဘူးလို. တားခဲ့တယ်၊ နောက်ဆုံး ဗေဒင်ဟောလို. သရက်သီးလှူတာ အဲဒီ သစ်ရက်ပင်အောက်မှာ နားခိုးတဲ့ ရဟန်း တောင်မှ အပြစ်ဖြစ်တယ်၊ အနေသန ကုလဒူသက အမူတွေကို ဘုရားရှင်က တားဖြစ်ခဲ့ပါတယ်၊၊
လူလားမြောက်ပြီးဖြစ်တဲ့ ဇနီးမောင်နှံတို့က ရာသက်ပန် ခိုင်မြဲရေးမှာ အချင်းချင်းယုံကြည် စိတ်ချမှုဟာ အဓိကဖြစ်တဲ့ အတွက် အချင်းချင်း ယုံကြည်လောက်တဲ့ ကိုယ်ကျင့်တရားကို အခိုင်အမာ စောင့်စည်းတည်ဆောက်ကြရမယ်၊ ထမ်းဆောင်ရမယ့် မင်္ဂလာ ကျင့်ဝတ်ကို ကျေပွန်အောင် ထမ်းဆောင်နိုင်ကြတဲ့" မင်္ဂလာဆောင်သူ" စစ်စစ်များဖြစ်အောင် ကြိုးစားသွားရမယ်၊"အိမ်ထောင်" ဆိုတာလည်း မိန်းမဖြစ်သူက ယောကျားအပေါ် သံယောဇဉ်အချစ်တွေနှင့် မွမ်းထုံ ထားသလို ယောကျားဖြစ်သူကလဲ မိန်းမအပေါ်မှာ မဆုံးနိုင်တဲ့ ထာဝရအချစ်တွေနှင့် တဦးပေါ်တဦး ရစ်ပတ်ထားတာ၊ အဲဒီအထဲမှာ သားတွေ သမီးတွေရလာပြီဆိုရင် ပံ့ကူအိမ်လိုပဲ အမျင်မပြတ်ဘဲ သံယောဇဉ်ကို အခြေခံပြီး တာဝန် ၀တ္တရား ရှိနေသည်မို. ဘယ်သူကမှ ခွဲထွက်မသွားနိုင်တာကြောင့် ရာသက်ပန် အချစ်ထောင်လို. ဆိုရမှာပါ၊ ကိုယ့်ကျင့်တရား ခိုင်မာသူ၊ တာဝန်ကျေသူတို့အတွက်တော့ ကောင်းကျိုးချမ်းသာ ကျက်သရေမင်္ဂလာ ပြည့်စုံပြီး အချစ်တွေနှင့် လွမ်းခြုံ ထားတဲ့ အူဝဲတို.အိမ်လေး ဖြစ်မှာပါ၊၊
အသိတရားကို အရင်းခံပြီး ဆင်ခြင်တုံတရားနှင့် ချစ်စေချင်
သဲသဲလှုပ် ဇနီးမောင်းနှံအချစ်ဆိုတာ" မျက်စိအောက်က ပျောက်မှာပင် အလွန်စိုးတယ်"ဆိုတဲ့ စိတ်ကူးယဉ် အချစ်မျိုးကို ဆယ်ခြောက်နှစ်အရွယ်ရင်ခုံတာ လူငယ်သဘာဝပါ၊အလုပ်သွားတာ၊ ဈေးသွားတာမျိုးကိုတောင် စိတ် မချနိုင်ကြတာတို့၊ သူငယ်ချင်း အပေါင်းအသင်းဟောင်းတွေ့လို့ တရင်းတနီးနှုတ်ဆက်တာ ကိုတောင် မနာလို မရှုစိမ့်နိုင်ကြတာတို့၊ မကျေမနပ် ပူကြ ဆူကြတာတို့ လုပ်နေကြတဲ့ ငြူငြူ စူစူဖြစ်ကြတာလဲ ချစ်လို.ဆိုတာမှန်ပေမဲ့ ဆင်ခြင်တုံတရားတော့ ရှိရမယ်၊ အရေးကြီးတာက“ချောတဲ့ ကောင်မလေးကို တခါကြည့်ရင် ငါ့မှာ မိန်းမရှိပါလားလို. အသံထွက်ရွတ်ရမယ်၊ အလားတူပဲ ခပ်ချောချော ကောင်လေးကို တခါကြည့်မိရင် ငါ့မှာလဲ ယောကျားရှိပါလားလို. အသံထွက်ရွတ်လိုက်ပြီး ကိုယ်ကို သတိပေးမူ လုပ်ရမယ်၊တယောက်နဲ. တယောက် အဆင်မပြေမူတွေအစ မကျေနှပ်မူတွေဖြစ်လာရင် သူက ငါ့ရဲ.မိန်းမပါလားဆိုတာ သိရမယ်၊မိန်းမဖြစ်သူကလဲ ပြဿနာလုပ်ချင်ရင် သူက င့ါယောကျားပါလာဆိုတာ အသိဝင်ရမယ်၊ အဲလို အပြန်အလှန် ဆင်ခြင်တုံတရား အခြေခံပြီး သည်းခံခြင်းတရားတွေနှင့် အချစ်တွေကို ခရီးဆက်နိုင်ရမယ်၊၊
" စိတ်မချနိုင်ဘူး"ဆိုတာ အချစ်ကိုအခြေခံပြီး မယုံနိုင်စရာ သဲလွန်းစတွေက ရှိလာမှာပါ၊ မယူခင်က မသိတာတွေက အတူနေလိုက်တဲ့အခါမှာ အပွေးမြင်အပင်သိ ဆိုသလို အချင်းချင်း ယုံကြည်မှုတွေ နည်းသွားတတ်တယ်၊မယားထိရင် ဓားကြည့်ဆိုတဲ့ ဒေါသမျိုးတွေဟာ အချစ်စစ်မဟုတ်ပါဘူး၊တကယ်လို. မယားက ဖောက်ပြားနေရင်တောင် နားဝင်အောင် ရှင်းပြခြင်းသာ အချစ်စစ်ပါ၊ ကိလေသာ စိတ်ရိုင်းက လွမ်းခြုံသွားရင် ဆင်ခြင်တုံတရားကင်းမဲ့သွားတယ်၊ အဲလို စုံတွဲမျိုးဟာ မေတ္တာအစစ်မပါဘဲ ကိလေသာစိတ် သက်သက်နဲ့ ကာမဂုဏ်ခံစားရုံ သက်သက် စုံတွဲ မျိုးဆိုရင် အချစ်စစ်တွေ မရှိနိုင်ဘူး၊၊
ကိလေသာဆိုတာ ယစ်မှူးစေတယ်၊ အချစ်ကို လိုလားတောင့်တ မျှော်လင့်တယ်၊ မျှော်လင့်ထားသလို ဖြစ်မလာရင် ပေါက်ကွဲသံစမယ်၊ စိုးရိမ်မူ၊ မနာလို ၀န်တိုတတ်မယ်၊ မုန်.သာဝေစားမယ် အချစ်ကိုတော့ မဝေနိုင်တဲ့ လူ.သဘာဝပါ၊ ကိုယ်ပိုင် ကာမဂုဏ်ကို ဘယ်သူကိုမှ မပေးနိုင်သလို ထိတာတောင် လက်မခံနိုင်တဲ့ မနုဿ အချစ် မဟုတ်ပါလား၊ လင်မယား အကြားမှာ"မေတ္တာသိနေဟ"မေတ္တာဆိုတာ ခိုင်မြဲအောင် တွဲကပ်ပေးတဲ့ အစေးဓာတ်ဖြစ်တယ်။ အဲဒီ အစေးဓာတ်မပါရင် ကြာကြာ မပေါင်းနိုင်ဘူး၊လမ်းခွဲဖို. လွယ်ကူသွားစေတယ်၊ အခုခေတ်မှာ ဒီလို စုံတွဲမျိုးကို ရွှေရည်စိမ် စုံတွဲ၊ ဒေါ်လာပုံစုံတွဲ၊ ဒါမှမဟုတ်"အင်တွဲ" သိုက်တူးတယ်၊ခေတ္တ ခွေတယ်လို. ဆိုကြတယ်မဟုတ်လား။ ထိမ်းမြား လက်ထပ်တယ်ဆိုတာ ဘာမှလျိုဝှက်စရာမရှိ စိတ်တူ ကိုယ်တူ၊အေးတူ အပူမျှ ဘ၀တစ်သက်တာကို ရည်မှန်းပြီး နှစ်ကိုယ့်တစ်စိတ်နဲ့ အတူလက်တွဲရင်း လောကဓံတိုက်ပွဲကို ရင်ဆိုင်ဖို့ ခြေလှမ်းစလိုက်တာပါ၊ ဒီလို ခံယူချက်မျိုး ရှိကြတဲ့ ဇနီးမောင်နှံ ဆိုတာ အစကတည်းက ဘ၀တစ်သက်တာ အတွက် တူညီတဲ့ ခံယူချက်၊ တူညီတဲ့ ယုံကြည်ချက်တွေနဲ့ လက်တွဲခဲ့ကြတာ ဖြစ်လို့ အဖြစ် မသည်းကြတော့ဘူး။ နာလည်နိုင်စွမ်း၊ ခွင့်လွတ်နိုင်စွမ်းရှိကြတယ်။ ဘ၀ တစ်သက်တာ အထိ အပြန်အလှန် အကျိုးလိုလားတဲ့ မေတ္တာအစေးဓာတ်နဲ့ တွယ်ကပ်ချစ်ခဲ့လို. ၊ စိတ်မချတာတို့၊ မနာလို ၀န်တိုတာ တို့ဆိုတဲ့ ကိလေသာ အပူဓာတ်လည်း မပြင်းထန် ကြတော့ အချစ်စစ် အချစ်မှန်ကလည်း မြင်သာထင်သာရှိပါတယ်၊၊
စဖွန်ဆာစုံလို. သိန်းပေါင်းများစွာကုန်ပေမဲ့ ဘုန်းဘုန်းကတော့ မင်္ဂလာဘုံ ဖြစ်စေချင်တာ
ပြေတီဦး အိန္ဒြာကျော်ဇင်တို. မင်္ဂလာပွဲဟာ သိန်းပေါင်းများစွာ ကုန်ကျမယ်ဆိုတာ အားလုံးသိနိုင်ပါတယ်၊သူတို.တတွေ အတိတ်ကံနှင့် လက်ရှိကံတရားတွေ ကောင်းလို. အခုလိုမျိုး သိုင်းသိုင်းဝိုင်းဝိုင်း မင်္ဂလာပွဲကို လုပ်နိုင်တာကို ဘုန်းဘုန်းက ၀မ်းမြောက်ပါတယ်၊ ဗိုလ်ချုပ်သန်းရွေ သမီး သန္တာရွှေ မင်္ဂလာဆောင်တာဟာ စိန်စီသောညလို. မြန်မာ့သမိုင်းဆိုးမှာ ထင်ကျန်ရစ်ခဲ့ပါတယ်၊ မင်္ဂလာဆောင်သမိုင်းမှာ အဆိုးတခုကနေ နှစ်ခု ဖြစ်မည့်အစား ဆင်းရဲနွမ်းပါး ဆင်းရဲတဲ့ပြည်သူတွေ သို.မဟုတ် ကိုယ့်ကို အားပေးနေတဲ့ အနုပညာပရိတ်သတ်တွေ သေလုနီးပါးခံစားနေရတဲ့ ဆင်းရဲခြင်း ပြဿနာတွေကို မင်္ဂလာဦးအမှတ်တရအဖြစ် ငတ်မွတ်ခြင်းဘေးများကနေ ကယ်တင်ပေးပါလို. ဘုန်းဘုန်းက တိုက်တွန်းလိုပါတယ်၊၊
အမေမရှိ အဖေ ဘယ်မှာနေမှန်းမသိ၊ပညာသင်စရာ ကျောင်းမရှိ၊ဗိုက်ဟောင်းလောင်း အင်္ကျီစုတ်နဲ.၊ခြေတောက်မှာပဲ ဖိနပ်မပါ၊ညရောက်လို. အိမ်စရာ အိမ်မရှိ၊ဘုန်းကြီးကို အဖေ အဖေ လုပ်ပြီး လမ်းစပျောက်နေတဲ့ ကလေးများ၊ဘ၀ပျက် အလှပျက်လို. ၀မ်းနည်းစရာ HIV ရောဂါသည်များ၊ သင်္ကန်းအပေါက် သပိတ်ကွဲနှင့် လမ်းတကာက ကိုရင်ငယ်များ၊ဆင်းရဲမွဲ တေမူ ဒဏ်ကို ကိုယ်ပြည်သူတွေ ခံစားနေရတာကြောင့် ကြွေးနိုင်လျက် မကြွေးရင် ရက်စက်ရာရောက်တယ်၊ ပေးနိုင်လျက် မပေးတာ ၀န်တိုသဘောသည် အကုသိုလ်ဖြစ်စေတယ်၊လူဘ၀ဆိုတာ မကြာညောင်း တကယ်တိုတောင်း တာမို. မင်္ဂလာဦးမှာ ထူးထားခြားခြား ဆင်းရဲသူတွေ ပျော်စဖေို. မင်္ဂလာဘုံ တနည်းအားဖြင့် MRTV 4 က တိုက်ရိုက်ပြသ ရာမှာ ဆင်းရဲနွမ်းပါးသူတွေရဲ. ဘ၀က ကြည့်စရာမရှိပါဘူး၊ တကယ် မင်္ဂလာရှိပြီး အမှန်တကယ် ပျော်စေတာက မေတ္တာတရားနဲ. ပြည်သူကို ကူညီစောင့်ရှောက်မူ၊သနားကြင်နာ ကူညီဖေးမမူသည်သာ မင်္ဂလာအလုပ် ဖြစ်ပါတယ်၊၊
တသက်မှာတခါပဲ မင်္ဂလာဆောင်ရတဲ့ မြန်မာ့ယဉ်ကျေးမူ၊ စဖွန်စာလုပ်၍ ငွေကြေးများစွာ အကုန်ခံပြီး တခမ်းတနားမင်္ဂလာ ခြောက်မျိုးစုံပါတဲ့ မင်္ဂလာစုံတွဲ ဇနီးမောင်နှံကို ကူညီပေးကြတာကို အထူးဝမ်းသာပါတယ်၊ ပြည့်စုံကြွယ်ဝသူတွေ မြင်တော့ ၀မ်းသာမိပါတယ်၊စားစရာမရှိ နေစရာမရှိတဲ့ အောက်ခြေက တနေ.လုပ်မှ တနေ.စားရတဲ့ ဘ၀သမား မိသားစုတွေ မြင်ရတော့ ၀မ်းနည်း စိတ်မကောင်းဖြစ်ရတယ်၊ပညာဥာဏ်နည်းသည့် လူတွေရဲ. လက်ထဲက စိန်ရွေရတနာသည် မင်္ဂလာ မဖြစ်ဘဲ၊ တကျပ်တပြားပေမဲ့ ဘ၀မှာစံထားနိုင်အောင် ပါရမီမြောက် ပရဟိတလုပ်တာသည် တကယ်ပဲ မင်္ဂလာမြောက် ပါတယ်၊ ဘ၀နောင်ရေးအတွက် ဘယ်လို ဗေဒင်မှ မပေးပါနဲ. “ အတ္တာဟိ အတ္တနော နာထော” ကိုယ်ကိုအားကိုးပြီး ပန်းတိုင်ရောက်ဖို. ရည်ရွယ်ချက်ထားကာ စည်းကမ်းတကျ ကောင်းမြတ်သည့် မင်္ဂလာရှိသော လုပ်ငန်းများကို လုပ်ဆောင်နိုင်ပါစေ၊၊
လွပ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ရှိတာမှန်ပေမဲ့ ဆင်ခြင်တုံတရားဆိုတာ လူ.ဘ၀မှာ အရေးကြီးပါတယ်၊ရိုးရာဓလေ့ဆိုတာ ကောင်းတာတွေရှိသလို၊လက်တွေ.မကျတဲ့အရာတွေလဲရှိတယ်၊ ဗုဒ္ဓဟောတဲ့ ဆုံးမမှုတွေသာ ရိုးရာအဖြစ် လက်ခံကျင့်သုံး ပြီး ဗုဒ္ဓ၀ါဒနှင့် မကိုက်ညီတဲ့ ကိုးကွယ်ပသမှုတွေကို ကရုစိုက်စရာမလိုပါဘူး၊အဓိကမှာ ဗုဒ္ဓဘာသာစစ် တစ်ယောက်ဖြစ်လျင် နေဖို.လဲမကြောက် သေဖို.လဲ မကြောက်တော့ပါဘူး၊ဒါပေမဲ့လည်း လူသားတွေဟာ အကြောက်တရားတွေ လွမ်းခြုံကာ လွတ်မြောက်ရာလမ်းရှာကြံရင်း ဆင်ခြင်တုံတရားမရှိရင် အရှူးတယောက်လိုဖြစ်သွားနိုင်ပါတယ်၊ဂုဏ် ပကာသနတွေဟာ မပါမပြီး ခမ်းနားအောင်လုပ်ကြတာဟာ ပုထုဇဉ်သဘာဝမို. နားလည်လို.ရပါတယ်၊ဒါပေမဲ့လည်း မိဘမဲ့ကလေးတွေ “ဘ၀ပီသ”အောင် ကွာဟနေတဲ့ သူတို.ဘ၀လေးတွေကို ရင်ဝယ်သားကဲ့သို. စောင့်ရှောက်ပြီး ဗုဒ္ဓဘာသာကောင်း ဇနှီးမောင်နှံဖြစ်ပါစေလို. ဆန္ဒပြုပါတယ်၊၊
ပြေတီဦးနဲ. အိန္ဒြာကျော်ဇင်တို. ဇနီးမောင်နှံ မိသားစုပျော်ရွင်စွာဖြင့် သာသနာအကျိုး တိုင်းပြည်အကျိုးကို စောင့်ရှောက် နိုင်ပါစေလို. ဗုဒ္ဓေါဝါဒကျောင်းဆရာတော် (ဘုန်းဘုန်းစံ)က မေတ္တာပို.သလျှက်ပါ၊၊
ဗုဒ္ဓေါဝါဒဆရာတော်
အမေရိက
shwebofive@gmail.com Tell: +270 904 1142
ဒီဇင်ဘာ ၂၅ ၂၀၁၀
No comments:
Post a Comment